မျက်ကပ်မှန်နဲ့ မျက်မှန် ဘာကပိုကောင်းသလဲ
မျက်စိကို အသုံးပြုပြီး အလုပ်လုပ်ရတာများတဲ့ ခေတ်ကြီးမှာ အနီးမှုန်၊ အဝေးမှုန် မှုန်တုန်တုန်လေးတွေလည်း များနေရောပေါ့။ အခုက အရင်တုန်းကလို အသက်ကြီးမှ မျက်စိမှုန်လို့၊ တပ်စရာကလည်း မျက်မှန်ပဲရှိလို့ ရွေးချယ်စရာမရှိဘဲ မျက်မှန်ပဲကောက်တပ်လိုက်ရတဲ့ခေတ်မဟုတ်တော့ပါဘူး။
ကြီးကြီးငယ်ငယ်အရွယ်မရွေး မျက်စိမှုန်တဲ့ အလှလေးတွေအတွက် အလှမပျက်ဘဲ တပ်လို့ရတဲ့ မျက်ကပ်မှန်လေးတွေလည်း ရှိနေပါပြီ။ မျက်ကပ်မှန်ကိုမှ big eyes လို့ခေါ်တဲ့ မျက်မှေးလေးတွေ မျက်စိအိမ်ကျယ်သွားသလို ထင်ရတာလေး တပ်မလား၊ မျက်ဆံအပြာရောင်၊ အညိုရောင်၊ အစိမ်းရောင် စသဖြင့် ရောင်စုံမျက်လုံးလေးဖြစ်အောင် တပ်မလား မျက်စိမှုန်မှန်း လူမသိရဘဲ လှလှပပ နေလို့ရပါပြီ။
ဒါမှမဟုတ် စာကြိုးစားတဲ့ စာဂျပိုးလေးတွေမှန်း သိသာအောင် မျက်မှန်ပဲ တပ်ချင်တယ်ဆိုရင်လည်း ပုလင်းဖင်ကြီးတွေလို မျက်မှန်တွေကို နှာခေါင်းရိုးချိုင့်သွားတဲထိ တပ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးရောင်စုံကိုင်းလေးတွေနဲ့ လန်းလို့လည်း ရပါတယ်။
ဒီတော့ မျက်မှန်နဲ့ မျက်ကပ်မှန် ဘာကပိုကောင်းပြီး သင့်တော်သလဲ ရွေးကြည့်ကြရအောင်။
မျက်ကပ်မှန်
မျက်ကပ်မှန်ဆိုတာ ပလတ်စတစ် ဒါမှမဟုတ် ဖန်သားနဲ့ပြုလုပ်ထားတဲ့ ပါးလွှာတဲ့အချပ်ကလေး ဖြစ်ပြီး မျက်စိပေါ်တိုက်ရိုက် တပ်ရကာ အပျော့နဲ့အမာဆိုပြီး နှစ်မျိုးရှိပါတယ်။
အပျော့က ပလတ်စတစ်နဲ့ လုပ်ထားတာဖြစ်ပြီး တပ်ရတာလည်း သက်တောင့်သက်သာရှိပါတယ်။ အပျော့မှာ
- နေ့ဘက်မှာတပ်ပြီး ညဘက်မှာသန့်ရှင်းရေးလုပ်ရတဲ့ မျက်ကပ်မှန်
- တစ်ရက်သုံးပြီး လွှင့်ပစ်လိုက်ရတဲ့ တစ်ခါသုံးမျက်ကပ်မှန်နဲ့
- နေ့ရောညရောတပ်ထားနိုင်ပြီး တစ်ပတ်တစ်ခါထုတ်ကာ သန့်ရှင်းရေးလုပ်ရတဲ့ မျက်ကပ်မှန်ဆိုပြီး ရှိပါတယ်။
အမာကတော့ အပျော့ထက်အချိန်ကြာကြာပိုတပ်ထားလို့ရပြီး တပ်ရတာတော့ အပျော့လောက်သက်တောင့်သက်သာ မရှိပါဘူး။
အပျော့ရော အမာပါ အနီးအဝေးတစ်ပြိုင်နက်တည်းကြည့်လို့ရအောင် ပါဝါထည့်လို့ရပါတယ်။
မျက်ကပ်မှန်ရဲ့ ကောင်းကျိုးများ
- သဘာဝမျက်လုံးအတိုင်း မြင်ကွင်းရပြီး အတားအဆီးတွေ မရှိပါဘူး။
- မျက်လုံးရွေ့လျားမှုအတိုင်း လိုက်လံရွေ့လျားနေမှာ ဖြစ်ပြီး မိုးရွာစိုစွတ်တဲ့အခါမှာလည်း အငွေ့ရိုက်တာမျိုး မရှိပါဘူး။
- အားကစားလုပ်ရင်လည်း ထိခိုက်မိတာ၊ မြင်ကွင်းကွယ်နေတာမျိုး မဖြစ်ပါဘူး။
မျက်ကပ်မှန်ရဲ့ ဆိုးကျိုးများ
- နည်းမှန်လမ်းမှန် ဂရုမစိုက်ရင်၊ လက်မဆေးဘဲ သန့်ရှင်းစွာမကိုင်တွယ်ရင်၊ မသိမ်းဆည်းရင် မျက်လုံးထဲ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။
- မျက်ကပ်မှန်တပ်ဖို့လုပ်ရတဲ့ အချိန်ပိုကြာပါတယ်။ မျက်မှန်လို ကောက်တပ်လိုက်လို့ မရပါဘူး။
- မျက်စိဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့လည်း လိုကောင်းလိုနိုင်ပါတယ်။
မျက်မှန်
မျက်မှန်ကတော့ ဖန်နဲ့ လုပ်တာရှိသလို ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပေါ့ပေါ့ပါးပါးမျက်မှန်လေးတွေလည်း ရှိနေပါပြီ။ အနီး၊ အဝေးတစ်မျိုးတည်းအတွက် တပ်လို့ရသလို မျက်မှန်တစ်ခုတည်းမှာပဲ အပေါ်ပိုင်းတစ်ဝက်က အဝေးကြည့်၊ အောက်တစ်ပိုင်းက အနီးကြည့် စသဖြင့် ၂ မျိူး၊ ၃ မျိုးတစ်ပြိုင်နက်တည်းကြည့်လို့ရတဲ့ မျက်မှန်လည်း တပ်လို့ရပါတယ်။
ဖုန်း၊ ကွန်ပြူတာ၊ တီဗီမျက်နှာပြင်တွေက လာတဲ့ rays တွေကို ကာကွယ်တဲ့ မှန်သားလည်း တပ်လို့ရပါတယ်။
မျက်မှန်ရဲ့ ကောင်းကျိုးများ
- ချွတ်ရတပ်ရ လွယ်ပါတယ်။ သန့်ရှင်းရေး ဂရုတစိုက်လုပ်ဖို့လည်း မလိုပါဘူး။
- ကိုင်းလှလှလေးတွေ ရွေးချယ်လို့ရသလို မျက်စိကကြည့်ကောင်းနေပြီး ပါဝါအပြောင်းအလဲမရှိရင် ခဏခဏအသစ်လဲဖို့ ပိုက်ဆံကုန်စရာမလိုပါဘူး။
- မျက်မှန်တပ်ဖို့အတွက် မျက်လုံးကို ထိစရာ၊ ကိုင်စရာလည်း မလိုလို့ ရောဂါပိုးဝင်မှာလည်း ကြောက်စရာမလိုပါဘူး။
မျက်မှန်ရဲ့ ဆိုးကျိုးများ
- မြင်ကွင်းကောင်းကောင်း မမြင်ရပါဘူး။ ဘေးဘက်တွေကို ကြည့်ရင် မျက်မှန်ကိုင်းက ကွယ်နေတတ်ပါတယ်။ လောကကြီးကို ဘောင်ခတ်ပြီး ကြည့်နေရသလိုမျိုး ဖြစ်တတ်ပါတယ်။
- ဘယ်လောက်ပဲ ပေါ့ပါးတဲ့မျက်မှန်ဖြစ်ပါစေ နှာခေါင်းရိုးပေါ်မှာ အလေးချိန်တစ်ခုတော့ ရှိနေတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရနိုင်ပါတယ်။
- မိုးရွာတဲ့အခါ၊ ရေချိုးတဲ့အခါ ရေငွေ့ရိုက်တာ၊ ရေစက်တွေကြောင့် ကောင်းကောင်းမမြင်ရတာမျိုး ဖြစ်တတ်ပါတယ်။
- အားကစားလုပ်တဲ့အခါ မျက်မှန်က ကျွတ်ကျနိုင်သလို မျက်မှန်ကိုထိခိုက်ရာက မျက်လုံးကိုပါ ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်နိုင်ပါတယ်။
အခုဆိုရင် မျက်ကပ်မှန်ရော မျက်မှန်ရောရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို သိပြီမို့ ကိုယ်နဲ့အဆင်အပြေဆုံးကို ရွေးချယ်တပ်ဆင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်